အခြေခံဥပဒေအရ အာဏာလွှဲပြောင်းပေးခြင်း


ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲပြီးသွားရင် အနိုင်ရပါတီကို အာဏာလွှဲပေးရပါတယ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ အစရှိတဲ့ အာဏာသုံးရပ်စလုံးကို လွှဲပြောင်းပေးရခြင်းဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် ဘယ်နေ့ဘယ်ရက်မှာ အာဏာလွှဲပြောင်းခြင်း အခမ်းအနားဆိုတာမျိုး ကျင်းပပြီး အာဏာလွှဲပေးတာတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အနိုင်ရပါတီဟာ အဲဒီအာဏာသုံးရပ်ကို ဘယ်လိုလွှဲပြောင်းရယူခွင့်ရှိသလဲဆိုတာ ဖော်ပြလိုက်ရပါတယ်။ ယခု အပိုင်း(၁)မှာတော့ ပြည်ထောင်စုအဆင့်ပိုင်းကို ဖော်ပြထားတာဖြစ်ပြီး အပိုင်း(၂)မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။



ဥပဒေပြုရေးအာဏာ

တစ်နိုင်ငံလုံးက ပြည်သူတွေ လိုက်နာရမယ့် ဥပဒေကို ပြဌာန်းပိုင်ခွင့်ရှိသူများ တစ်နည်းအားဖြင့် ဥပဒေပြုရေးအာဏာကို ရရှိထားတဲ့ သူတွေကတော့ လွှတ်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ လွှတ်တော်ထဲကို ရောက်သွားကြမှာဖြစ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ဥပဒေပြုရေး အာဏာကို သူတို့ ရရှိသွားကြပြီဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၁၂၃ အရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အကြာမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပရပါ့မယ်။ ပုဒ်မ ၁၅၄ အရ အမျိုးသားလွှတ်တော် သက်တမ်း စတင်သည့်နေ့ရက်ဟာ ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက် ဖြစ်သည်၊ အမျိုးသားလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်သက်တမ်း စတင်သည့်နေ့မှ ၇ ရက်အတွင်း ကျင်းပရမည်ဆိုပြီး ပြဌာန်းထားတာကြောင့် အမျိုးသားလွှတ်တော်ကို ရောက်ရှိသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာလည်း လွှတ်တော်အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ သူတို့ဟာလည်း ဥပဒေပြုရေးအာဏာကို သူတို့ရရှိသွားပါပြီ။ ဥပဒေတစ်ရပ် အတည်ပြုဖို့ကတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံး သဘောတူမှသာ အတည်ဖြစ်ပါလိမ့်မယ်။

အုပ်ချုပ်ရေးအာဏာ

အုပ်ချုပ်ရေးအာဏာကတော့ အစိုးရအဖွဲ့က ရရှိမယ့်အာဏာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပါတယ်။ ပြည်သူတွေက ရွေးကောက်တင်မြေလွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတကို ရွေးချယ်ပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့နိုင်ငံ သမ္မတကို သွယ်ဝိုက်ရွေးချယ်သောစနစ်ကို ကျင့်သုံးထားပါတယ်။

(က) နိုင်ငံတော်သမ္မတတင်မြှောက်ခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ) အရ ပြည်သူ့လွှတ်တော်ပထမအကြိမ်အစည်းအဝေးမှာ ဒုသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ရပါမယ်။ အမျိုးသားလွှတ်တော်ကလည်း ထိုနည်းတူစွာ ဒုသမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကလည်း ဒုသမ္မတတစ်ဦးကို ရွေးကောက် တင်မြှောက်မှာ ဖြစ်ပါတယ်။ အဲဒီအစုအဖွဲ့ သုံးဖွဲ့က တင်မြှောက်တဲ့ ဒုသမ္မတတွေဟာ သမ္မတအရည်အချင်းနဲ့ညီမညီ တစ်နည်းအားဖြင့် အခြေခံဥပဒေ ပုဒ်မ ၅၉ နဲ့ ညီမညီကိုတော့ စိစစ်ရေးအဖွဲ့က စိစစ်ပါလိမ့်မယ်။ အဲဒီစိစစ်ရေးအဖွဲ့မှာတော့ အဖွဲ့ဝင် (၇)ဦး ပါဝင်ပါတယ်။  ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ဒုဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် တစ်ဦး တို့ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ)အရ ဒုသမ္မတသုံးဦးအနက် တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲပေး ရွေးချယ်တင်မြှောက် ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်နေတဲ့ကိုယ်စားလှယ်အရေအတွက်ဟာ အနိုင်ရပါတီကလူတွေပဲ ဖြစ်နေမှာဆိုတော့ အနိုင်ရပါတီက သဘောကျတဲ့ဒုသမ္မတကပဲ နိုင်ငံတော် သမ္မတ ဖြစ်သွားပါလိမ့်မယ်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ပြည်ထောင်စုရှေ့နေချုပ် ပါဝင်တဲ့ အစုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ဆိုပြီး သတ်မှတ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ခန့်အပ်ခြင်း

နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတကိုတော့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ခန့်အပ်ပြီးနောက်မှာ တော့ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုဝန်ကြီးများကို ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်သွားပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ညီညွတ်ပြည့်စုံသူများကို နိုင်ငံတော်သမ္မတက ၀န်ကြီးအဖြစ် ခန့်အပ်ပိုင်ခွင့်ရှိပါတယ်။  ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဘယ်သူ၊ ပညာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါ်ဘယ်သူ စသည်ဖြင့် ခန့်အပ်လို့ရပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဃ)အရ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းနဲ့မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းတဲ့ပုဂ္ဂိုလ်ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို ငြင်းပယ်ခွင့်မရှိပြန်ပါဘူး။ ၀န်ကြီးဌာနအသီးသီးအတွက် ၀န်ကြီးတွေခန့်အပ်ပြီးသွားချိန်မှာတော့ နိုင်ငံတော်သမ္မတဟာ ဒုတိယ၀န်ကြီးများကို ခန့်အပ်တာဝန် ပေးခြင်းကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ၀န်ကြီး သို့မဟုတ် ဒုဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်လို့ ရပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ခန့်အပ်ခြင်း

ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ခန့်အပ်ပြီးချိန်မှာတော့ နိုင်ငံတော်သမ္မတက ဥပဒေအကြံဥာဏ်တွေရယူနိုင်ဖို့၊ ဥပေဒဆိုင်ရာ တာဝန်တွေ ပေးအပ်နိုင်ဖို့ ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ကိုယ်စားလှယ်မဟုတ်သူကိုဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် အနေနဲ့ ခန့်အပ်တာဝန်ပေးရပါ့မယ်။ (ပုဒ်မ ၂၃၇) ဒီနေရာမှာလည်း အရည်အချင်းမကိုက်ညီကြောင်း အထင်အရှား မပြနိုင်ဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းတဲ့ ပြည်ထောင်စုရှေ့နေချုပ်ကို ငြင်းပယ်ပိုင်ခွင့်မရှိပါဘူး။ ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်ပြီးနောက် ဒုတိယ ရှေ့နေချုပ်ကိုလည်း ထိုနည်းတူစွာ ခန့်အပ်ရဦးမှာဖြစ်ပါတယ်။

နိုင်ငံတော်၏ ရသုံးစာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြနိုင်ဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ စသည်တို့ကိုလည်း နိုင်ငံတော်သမ္မတက ရွေးချယ် ခန့်အပ်ရမှာဖြစ်ပါတယ်။

တရားစီရင်ရေးအာဏာ

နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အဆိုပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အကြီးအမှူးဖြစ်သော ပြည်ထောင်စုတရားသူကြီးချုပ်ကိုလည်း နိုင်ငံတော်သမ္မတကပဲ ခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း အရည်အချင်းမပြည့်စုံကြောင်း အထင်အရှားမပြနိုင်ရင် ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ပိုင်ခွင့်မရှိပါဘူး။ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ နှစ်ဦးဆိုင် ညှိနှိုင်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး အများဆုံး ၁၀ ဦးကို ဆက်လက်ပြီး ခန့်အပ်မှာဖြစ်ပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့ (၃) ဦး ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို ခန့်အပ်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့ (၂) ဦး ညှိနှိုင်းပြီး တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတွေကို ရွေးချယ် ခန့်အပ်သွားကြမှာဖြစ်ပါတယ်။

ဤဆောင်းပါးပါ ဖော်ပြသည့်အတိုင်း အာဏာသုံးရပ် မြစ်ဖျားခံခြင်းသည် ပြည်သူ့ထံမှသာ ဖြစ်ပါသည်။ အစိုးရအသစ်တက်လာချိန်တွင် ယခင်အစိုးရအဟောင်းမှ အသစ်သို့ ရော့ အာဏာဆိုပြီး လွှဲပြောင်းခြင်းမဟုတ်ဘဲ အစိုးရအသစ်အတွက် အာဏာသုံးရပ်ကို ပြည်သူကသာ အစိုးရအသစ်ထံသို့ အာဏာလွှဲပြောင်းပေးခြင်းပင် ဖြစ်ပါသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ဥပဒေပြုရေးအာဏာ

ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို စေလွှတ်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ခဲ့သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို စေလွှတ်မယ့် လွှတ်တော်အမတ်တွေကိုလည်း ပြည်သူတွေကဘဲ မဲထည့်ပြီး စေလွှတ်ခဲ့ကြပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဟာ မြို့နယ်တစ်ခုလျှင် လွှတ်တော် အမတ် ၂ ဦးနှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။ (ပုဒ်မ ၁၆၁ (က)) ဒါ့အပြင် လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့ အဲဒီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာ နေထိုင်တဲ့ တိုင်းရင်းသားတစ်စု ရဲ့ လူဦးရေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းရဲ့ အထက်ရှိတယ်ဆိုရင် အဲဒီတိုင်းရင်းသားလူမျိုးစုက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်မှာ ပါရှိနေမှာဖြစ်ပါတယ်။ (ပုဒ်မ ၁၆၁ (ခ)) ချွင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေတော့ မပါပါဘူး။ ဥပမာအနေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂ တိုင်းရင်းသားလူမျိုးရဲ့ လွှတ်တော်ကိုယ်စား လှယ်ဟာ အဲဒီတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ထဲမှာ ပါဝင်စရာမလိုတော့ပါဘူး။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ် (၃၇)မြို့နယ်ရှိမယ်၊ ၀.၁ရာခိုင်နှုန်းကျော်တဲ့ တိုင်းရင်းသားက ချင်းနဲ့ ရှမ်း ရှိမယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူကတင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၇၄)ဦး၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ သုံးပုံတစ်ပုံကို တပ်မတော်က ရယူထားတော့ တပ်မတော်ကကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၇၆ ဦးပါဝင်ပါလိမ့်မယ်။ သို့ပေမယ့် နာဂတိုင်းရင်းသား လူမျိုးတွေကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာမို့ လွှတ်တော်ထဲမှာ မပါဝင်တော့ပါဘူး။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် စတင်အသက်ဝင်တဲ့နေ့ဟာ ပြည်သူ့လွှတ်တော် သက်တမ်းစတင်တဲ့နေ့ပဲဖြစ်ပါတယ်။ (ပုဒ်မ ၁၇၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွေမှာ ပြုလုပ်နိုင်တဲ့ အဓိကအလုပ်ကတော့ ဥပဒေကြမ်းတွေ အတည်ပြုဖို့ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂) မှာ ဖော်ပြထားတဲ့ ဥပဒေပြုစာရင်းပါ ကိစ္စရပ်တွေနဲ့ ဆိုင်တဲ့ ဥပဒေတွေကိုဘဲ လွှတ်တော်တွေက ရေးဆွဲအတည်ပြုခွင့်ရှိပါတယ်။ (ပုဒ်မ ၁၈၈)  အဲဒီလို ပြဌာန်းလိုက်တဲ့ ဥပဒေဟာ အဲဒီ တိုင်းဒေသကြီးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အာဏာ သက်ရောက်ပိုင်ခွင့်ရှိပါတယ်။ ဥပမာ ဧရာဝတီတိုင်းဒေသကြီးမှာ လယ်ယာစိုက်ပျိုးရေးတွင် ဓာတုပိုးသတ်ဆေးမသုံးစွဲရဆိုပြီး ကန့်သတ်တဲ့ ဥပဒေတစ်ရပ် ပြဌာန်းရင် အဲဒီဥပဒေကို ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ လိုက်နာရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းက ပြည်သူတွေနဲ့ မဆိုင်ပါဘူး။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အုပ်ချုပ်ရေးအာဏာ

ဒီအုပ်ချုပ်ရေးအာဏာကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ရရှိမယ့် အာဏာပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဆိုတာ ၀န်ကြီးချုပ်၊ ၀န်ကြီးတွေနဲ့ ဥပဒေချုပ် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဝန်ကြီးချုပ် ခန့်အပ်ခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဥသျှောင်ဖြစ်တဲ့ ၀န်ကြီးချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲက ၀န်ကြီးချုပ်အရည်အချင်းနဲ့ ပြည့်စုံသူကို နိုင်ငံတော်သမ္မတက ရွေးချယ်ပြီး ၀န်ကြီးချုပ်အနေနဲ့ ခန့်အပ်ပါတယ်။ (ပုဒ်မ ၂၆၁ (ခ)) ဒီနေရာမှာ နိုင်ငံတော်သမ္မတက ခန့်အပ်လိုတဲ့ ၀န်ကြီးချုပ်ဟာ သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မပြည့်စုံဘူးဆိုပြီး အထောက်အထားမပြနိုင်ရင် အဲဒီ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဟာ နိုင်ငံတော်သမ္မတက ခန့်အပ်လိုတဲ့ ၀န်ကြီးချုပ်ကို ငြင်းပယ်ပိုင်ခွင့် မရှိပြန်ပါဘူး။ သတ်မှတ်ထားတဲ့အရည်အချင်းဆိုတာကလည်း အသက်(၃၅)နှစ်ပြည့်ရမယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနဲ့ ကိုက်ညီရမယ် ဒီလောက်ပါပဲ။

ဝန်ကြီးများခန့်အပ်ခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေကိုတော့ ၀န်ကြီးချုပ်ကပဲ ရွေးချယ်ခန့်အပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟုတ်သူဖြစ်စေ၊ မဟုတ်သူဖြစ်စေ ၀န်ကြီးအနေနဲ့ ခန့်အပ်ဖို့ အဆိုပြုပိုင်ခွင့် ရှိပါတယ်။ (ပုဒ်မ ၂၆၂) သို့ပေမယ့် နယ်လုံဝန်ကြီးလို့ခေါ်ကြတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကိုတော့ ကာကွယ်ရေးဦးစီးချုပ်ကပဲ ခန့်အပ်ပါတယ်။ ၀န်ကြီးချုပ်က ခန့်အပ်လိုတဲ့ ၀န်ကြီးဟာ အရည်အချင်းနဲ့ မပြည့်စုံကြောင်း အထောက်အထားမပြနိုင်ရင် ထုံးစံအတိုင်း လွှတ်တော်က ငြင်းပယ်ပိုင်ခွင့် မရှိပြန်ပါဘူး။ ဒီလိုနဲ့ လွှတ်တော်က သဘောတူညီချက်ရထားတဲ့ ၀န်ကြီးအလောင်းအလျာတွေရဲ့ စာရင်းကို ၀န်ကြီးချုပ်ဟာ နိုင်ငံတော်သမ္မတထံ ပေးပို့ရပါမယ်။ သမ္မတက အဆိုပါပုဂ္ဂိုလ်တွေကို ဘယ်ဌာနရဲ့ဝန်ကြီးအဖြစ် ခန့်အပ်ပါသည် ဆိုပြီး တာဝန်ပေးရမှာဖြစ်ပါတယ်။

ဥပဒေချုပ်ခန့်အပ်ခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟာ သူ့အတွက် လိုအပ်တဲ့ ဥပဒေအကြံဥာဏ်တွေ ရယူဖို့နဲ့ ဥပဒေဆိုင်ရာတာဝန်တွေပေးဖို့ လွှတ်တော်ကိုယ်စားလှယ်ဟုတ်သူဖြစ်စေ မဟုတ်သူဖြစ်စေ အရည်အချင်းပြည့်မှီသူ တစ်ဦးဦးကို ဥပဒေချုပ်အနေနဲ့ ခန့်အပ်ဖို့ လွှတ်တော်ဆီက သဘောတူညီချက်ယူပြီး သမ္မတထံ တင်ပြရမှာ ဖြစ်ပါတယ်။ ခန့်အပ်တာဝန်ပေးသူကတော့ သမ္မတပဲဖြစ်ပါတယ်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် တရားစီရင်ရေးအာဏာ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုရဲ့ တရားစီရင်ရေး ဖြောင့်မတ်မှန်ကန်ရေးအတွက် အဓိက အရေးအပါဆုံးက တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တွေ ဖြစ်ပါတယ်။ အဲဒီ တရားလွှတ်တော်တွေရဲ့ အကြီးအမှူးကိုတော့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်လို့ ခေါ်ဆိုပါတယ်။ တရားလွှတ်တော်မှာ တရားသူကြီးချုပ် အပါအ၀င် အများဆုံး အဖွဲ့ဝင် ၇ ဦးထိ ခန့်နိုင်ပါတယ်။ (ပုဒ်မ ၃၀၈)

တရားသူကြီးချုပ်ခန့်အပ်ခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ပိုင်ခွင့်ရှိသူက (၁) ဦးတည်းရှိပါတယ်။ နိုင်ငံတော်သမ္မတပဲဖြစ်ပါတယ်။  သူဟာ ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နဲ့ ညှိနှိုင်းပြီး ဘယ်သူ့ကို တရားသူကြီးချုပ်အနေနဲ့ ခန့်ချင်ပါတယ်ဆိုပြီး သက်ဆိုင်ရာလွှတ်တော်ကို ပို့ရပါမယ်။ ၀န်ကြီးချုပ်က တော့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ညှိနှိုင်းပြီး ဘယ်သူတွေကို တရားသူကြီးအနေနဲ့ ခန့်ချင်ပါတယ်ဆိုပြီး သက်ဆိုင်ရာလွှတ်တော်ကို ပို့ရပါတယ်။ ထုံးစံအတိုင်း အရည်အချင်းနဲ့မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ဘူး ဆိုရင် သက်ဆိုင်ရာလွှတ်တော်က ငြင်းပိုင်ခွင့်မရှိပါဘူး။ ဒီလိုနည်းနဲ့ သမ္မတက ခန့်အပ်တဲ့ တရားသူကြီးချုပ်နဲ့ ၀န်ကြီးချုပ်ကခန့်အပ်တဲ့ တရားသူကြီးတွေစုပေါင်းပြီး တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်ဆိုပြီး ဖြစ်ပေါ်လာပါတယ်။ သူတို့တွေရဲ့ ရာထူးသက်တမ်းကတော့ စွပ်စွဲပြစ်တင်ခံရတာမျိုး၊ ကိုယ်စိတ်နှစ်ပါး တစ်ခုခုချို့ယွင်းတာမျိုး မဖြစ်ဘူးဆိုရင် အသက် ၆၅ နှစ်ပြည့်သည်ထိ တာဝန် ထမ်းဆောင်ခွင့်ရှိပါတယ်။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်မှာမှ ခရိုင်တရားရုံးတွေ၊ မြို့နယ်တရားရုံးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတရားရုံးတွေနဲ့ ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးတွေ တည်ရှိရပါတယ်။ ပုဒ်မ ၂၉၃ အရ တပ်မတော်သားတွေကို တရားစီရင်ရန်အတွက်ကတော့ စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးသန့်တည်ရှိနေမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအာဏာနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရဲ့ အာဏာတွေကို နှိုင်းယှဉ်ရင် ပြည်ထောင်စုရဲ့အာဏာဟာ ပိုမိုများပြားလွန်းနေပါသေးတယ်။ ၀န်ကြီးချုပ်ကို သမ္မတက ခန့်အပ်တာမျိုး၊ ဇယား(၂)အရ ဥပဒေပြုပိုင်ခွင့်အာဏာ အနည်းငယ်ပဲ ရှိတာမျိုး၊ အခွန်အကောက်ပိုင်းဆိုင်ရာမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘက်က ဝေစုနည်းတာမျိုးတွေ ရှိနေပါသေးတယ်။ ပြည်သူတွေဘက်ကကြည့်ရင်လည်း သူတို့မဲထည့်လိုက်တဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကိုယ့်ဒေသကို အုပ်ချုပ်မယ့် ၀န်ကြီးချုပ်ကို ရွေးချယ်ခွင့်မရသေးတာ၊ တရားသူကြီးချုပ်ကို ရွေးချယ်ခွင့်မရသေးတာတွေ ရှိနေပါသေးတယ်။ သို့ပေမယ့် ၀န်ကြီးချုပ်ကိုဖြစ်စေ၊ ၀န်ကြီးကိုဖြစ်စေ၊ တရားသူကြီးတွေကိုဖြစ်စေ ရာထူးမှရပ်စဲစေရန် စွပ်စွဲပြစ်တင်မှုပြုလုပ်လိုလျှင်တော့ ပြည်သူတွေကတင်မြှောက်ထားတဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အမတ် စုစုပေါင်းရဲ့ လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်တာကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ရဲ့ အာဏာသုံးရပ်မြစ်ဖျားခံခြင်းဟာ ပြည်သူ့ထံမှသာဖြစ်ကြောင်း နိဂုံးချုပ်လိုက်ရပါတယ်။

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review