တင်ဒါ ကကြီး ခကွေး


တင်ဒါကိစ္စဟာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က မုံရွာဂေဇက်ဂျာနယ်မှာ စစ်ကိုင်းတိုင်းအစိုးရရဲ့ ဆောက်လုပ်ရေးတင်ဒါတွေမှာ လုပ်ငန်းရှင်တစ်ဦးတည်းကပဲ တင်ဒါအောင်နေတဲ့အခြေအနေကို ဖတ်မိလိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီကိုလည်း နာမည်တပ်မရေးရဲ၊ ဝေဖန်တဲ့သူတွေကလည်း နာမည်တပ်မပြောရဲ ဖြစ်နေကြတယ်။ အမှန်တော့ ပွင့်လင်းမြင်သာတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်ပြီးတဲ့အခါမှာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်သန့်ရှင်းသလဲဆိုပြီး တိုင်းတာတဲ့ အညွှန်းကိန်း တွေထဲမှာ တင်ဒါကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။


စိတ်မကောင်းစရာက ဒီနိုင်ငံမှာ ဒီလောက်အရေးကြီးတဲ့ တင်ဒါကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ထုံးလုပ်နည်း အသေးစိတ်နဲ့ ပြစ်မှုပြစ်ဒဏ်တွေပါဝင်တဲ့ တင်ဒါဥပဒေဆိုတာ ခုချိန်ထိ မထွက်လာသေးတာ တော်တော်လေးကို စိတ်ပျက်စရာပါပဲ။ နိုင်ငံတော်သမ္မတရုံးကနေ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ဆိုပြီး စာမျက်နှာ ၁၉ မျက်နှာပါဝင်တဲ့ ညွှန်ကြားချက်အရှည်ကြီး ထုတ်ပြန်ခဲ့ပေမယ့် တင်ဒါရွေးချယ်တဲ့သူတွေဟာ အဲဒီအတိုင်း သဝေမတိမ်း လိုက်နာကြရဲ့လား ဆိုတာကိုတော့ စိုးရိမ်မိစရာပါပဲ။ တင်ဒါကို စနစ်တကျ ထိန်းချုပ်နိုင်မှသာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုသက်သာမယ်၊ လက်ဝါးကြီးအုပ်တာတွေ၊ အဂတိ လိုက်စားတာတွေကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။

ဘယ်အချိန်မှာတင်ဒါခေါ်ရမလဲ
နိုင်ငံတော်သမ္မတရုံးရဲ့  ညွှန်ကြားချက်အရ ငွေကျပ် သိန်း(၁၀၀)ကနေ သိန်း(၁၀၀၀)အထိ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူရာမှာ အနည်းဆုံး (၂) ပတ် ကြိုတင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရဲ့ ကြော်ငြာသင်ပုန်းတွေ ကြေငြာရမှာဖြစ်ပါတယ်။ ကျပ် သိန်း(၁၀၀၀) ထက်ပိုသွားပြီဆိုရင်တော့ အိတ်ဖွင့်တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် (၁)လကြိုတင်ပြီး နိုင်ငံပိုင် သတင်းစာများမှာ အနည်းဆုံး နှစ်ကြိမ်ဖော်ပြပြီး တင်ဒါခေါ်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန Website မှာလည်း အနည်းဆုံး (၁)လ ကြိုတင်ကြေငြာရမှာဖြစ်ပါတယ်။

ကြမ်းခင်းဈေး
တင်ဒါနဲ့ပတ်သတ်ရင် ကြမ်းခင်းဈေးဟာ အလွန်နာမည်ကြီးပါတယ်။ ကြမ်းခင်းဈေးကို အတိအကျသိရင် တင်ဒါအောင်ဖို့ အခွင့်အလမ်းများတယ်ဆိုပြီး တထစ်ချ ယူဆထားတဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။ ကြမ်းခင်းဈေးဆိုတာဟာ အနိမ့်ဆုံးဈေးသတ်မှတ်ချက်ဖြစ်ပါတယ်။ မူလဈေးနှုန်းနဲ့ ကြမ်းခင်းဈေးအကြား ဈေးပေးနိုင်တဲ့ကုမ္ပဏီတွေသာ ရွေးချယ်ခံရဖို့အခွင့်အလမ်းရှိပါတယ်။ ဥပမာ တံတားတစ်စင်း တည်ဆောက်ဖို့ အတွက် နိုင်ငံတော်က ဘတ်ဂျက်ချပေးငွေက သိန်း ၁၀၀၀ ဖြစ်သည်ဆိုပါစို့။ ကြမ်းခင်းဈေးကို သိန်း (၉၀၀) ဟု သတ်မှတ်လိုက်ပါက တင်ဒါဝင်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီများအနက်မှ သိန်း(၉၀၀) နှင့် သိန်း(၁၀၀၀) ကြား ဈေးနှုန်းတင်သွင်းနိုင်သည့်ကုမ္ပဏီများသာ ပမာဏရွေးချယ်ခံရသည့်စာရင်းမှာ ရောက်ရှိသွားမှာဖြစ်ပါတယ်။ သမ္မတရုံးရဲ့  ညွှန်ကြားချက်အရ ကြမ်းခင်းဈေးသတ်မှတ်ရာမှာ သက်ဆိုင်ရာဦးစီးဌာနများရဲ့ ကိုယ်စားလှယ် အနည်းဆုံး(၃)ဦးပါဝင်တဲ့ “ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ” ကို တာဝန်ပေးရမှာဖြစ်ပြီး ကြမ်းခင်းဈေးကို အဲဒီကော်မတီကသာ တွက်ချက်ပြီး “တင်ဒါကော်မတီ” ဆီ တင်ပြရမှာဖြစ်ပါတယ်။

တင်ဒါဖိတ်ခေါ်ရာတွင်ပါဝင်ရမည့်အချက်များ
တင်ဒါကြော်ငြာခေါ်ယူရာမှာ ခေါ်ယူတဲ့အကြောင်းအရာနဲ့ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်များ၊ တင်ဒါတင်သွင်းမယ့်သူ၏ အရည်အချင်းဆိုင်ရာ လိုအပ်ချက်များ၊ တင်ဒါစာရွက်စာတမ်း များတွက် ကျသင်တဲ့ဈေးနှုန်း၊ တင်ဒါတင်သွင်းရမယ့်နည်းလမ်း၊ နေရာနဲ့ နောက်ဆုံးတင်သွင်းရမည့် နေ့ရက် စတဲ့အချက်အလက်တွေ ပါဝင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တင်ဒါကော်မတီအနေနဲ့ တင်ဒါကြော်ငြာ မခေါ်ယူခင်ကတည်းက တင်ဒါပုံစံများ၊ တင်ဒါတင်သွင်းသူများသို့ ညွှန်ကြားချက်၊ တင်ဒါအရည်အချင်း သတ်မှတ်ချက်၊ တင်ဒါစိစစ်အကဲဖြတ်မည့်အစီအစဉ်၊ စာချုပ်တွင်ပါဝင်ရမည့်အချက် စသည့် အချက်အလက်များကို ကြိုတင်စုဆောင်း ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

တင်ဒါဖွင့်ဖောက်ခြင်း
တင်ဒါဖွင့်ဖောက်ရာမှာ တင်ဒါတင်သွင်းသူများရဲ့ ရှေ့မှာ ဖွင့်ဖောက်ရမှာဖြစ်ပါတယ်။ တင်ဒါဖွင့်ဖောက်စဉ်မှာ တင်ဒါတင်သွင်းသူရဲ့အမည်၊ တင်သွင်းသည့်ဈေးနှုန်း၊ တင်ဒါအာမခံကြေး၏ ပမာဏနှင့် တည်မြဲမှုကာလတို့ကို ကြေငြာရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တင်ဒါဖွင့်ဖောက်ချိန်မှာ စာအိတ် (A) နဲ့ စာအိတ် (B) စနစ်ကို အသုံးပြုလေ့ရှိကြပါတယ်။ စာအိတ် (B) ဟာ နည်းပညာပိုင်းဆိုင်ရာ Specification ဖော်ပြမှုတွေ ပါဝင်တဲ့စာအိတ်ဖြစ်ပြီး စာအိတ် (A) ထဲမှာတော့ ကမ်းလှမ်းတဲ့ဈေးနှုန်းပါဝင်တဲ့စာအိတ် ဖြစ်ပါတယ်။

အမှတ်ပေးခြင်း
တင်ဒါကော်မတီဟာ စာအိတ် (B) ကို အရင်ဖွင့်ဖောက်ရမှာဖြစ်ပါတယ်။ စာအိတ် (B) ထဲမှာ ပါဝင်တဲ့ စာရွက်စာတမ်းတွေပေါ် အခြေခံပြီး အကဲဖြတ်အမှတ်ပေးစနစ်ကိုကျင့်သုံးကာ အမှတ်ပေးရမှာဖြစ်ပါတယ်။ အမှတ်ပေးမယ့် တင်ဒါကော်မတီဝင်အရေအတွက်ဟာ  မ ဂဏန်းဖြစ်ရမှာဖြစ်ပြီး တစ်ဦးလျှင် အမှတ်ပေးဇယား စာရွက်တစ်ရွက်စီနဲ့ အမှတ်ပေးသင့်ပါတယ်။ ဥပမာ အမှတ်ပေးဒိုင်လူကြီး (၅) ဦးဆိုပါက စုစုပေါင်းရမှတ်ကို ၅ နဲ့ ပြန်စားပြီး ပျှမ်းမျှအမှတ်ကိုသာ ထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်။
စာအိတ်(B) ထဲမှာပါဝင်တဲ့အချက်အလက်တွေနဲ့ပတ်သတ်ပြီး အမှတ်ပေးရာမှာ အောက်ပါ အချက် (၄) ချက်ကို အဓိကထားပြီး အမှတ်ပေးရမှာဖြစ်ပါတယ်။
(၁) တင်ဒါတင်သွင်းသူများ၏အရည်အချင်းနှင့်အတွေ့အကြုံ (၀ မှ ၁၀ မှတ်)
(၂) အသုံးပြုသည့်နည်းလမ်း (၀ မှ ၁၀ မှတ်)
(၃) အရေးကြီးသည့်စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှု (၀ မှ ၂၀ မှတ်)
(၄) အဓိကကျသော ဝန်ထမ်းများ (၀ မှ ၁၀ မှတ်)
အဆိုပါ (၄) ချက်ဟာ အဓိကခေါင်းစဉ်များဖြစ်ပြီး ခေါင်းစဉ်တစ်ခုချင်းအလိုက် ခေါ်ယူတဲ့တင်ဒါနဲ့ လိုက်လျောညီထွေတဲ့ ခေါင်းစဉ်ငယ်တွေခွဲပြီး အမှတ်ခွဲပေးလို့ရပါတယ်။ ဥပမာ တင်ဒါတင်သွင်းသူ၏ အရည်အချင်းနှင့်အတွေ့အကြုံဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမှတ်ပေးခေါင်းစဉ်ငယ်တွေ ထပ်မံခွဲပြီး ပုံစံတူလုပ်ငန်းများဆောင်ရွက်ခဲ့မှု အတွက် အများဆုံး (၇)မှတ်၊ ကုမ္ပဏီ၏နောက်ခံရာဇဝင်အတွက် အများဆုံး (၃)မှတ် စုစုပေါင်း အများဆုံး (၁ဝ)မှတ် ပေးတာမျိုးထိ ပြုလုပ်နိုင်ပါတယ်။ ထိုနည်းအတိုင်း အမှတ်ပေးပါက ပုံစံတူ လုပ်ငန်းတွေ မဆောင်ရွက်ဖူးတဲ့ကုမ္ပဏီဟာ အများဆုံး ၃ မှတ်လောက်သာ ရနိုင်ပြီး နောက်ခံရာဇဝင် လည်းကောင်းမယ်၊ ပုံစံတူလုပ်ငန်းလည်း ဆောင်ရွက်ခဲ့ဖူးတဲ့ကုမ္ပဏီဆိုရင်တော့ အများဆုံး (၁၀) မှတ်အထိ ရရှိနိုင်ပါတယ်။
စာအိတ်(A)ထဲမှာပါဝင်တဲ့ ကမ်းလှမ်းဈေးနှုန်းအဆိုပြုလွှာနဲ့ပတ်သတ်ပြီး အမှတ်ပေးရမှာ အနိမ့်ဆုံး ဈေးနှုန်းကို အမှတ်အများဆုံးပေးရမယ်ဆိုပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။ ဒီနေရာမှာ အနိမ့်ဆုံး ဈေးနှုန်းကို ဘယ်လိုရွေးချယ်မှာလဲဆိုတာက စဉ်းစားဖွယ်ရာဖြစ်ပါတယ်။ ဥပမာ ရုံးလုပ်ငန်းသုံး ကားတစ်စီးကို တင်ဒါခေါ်ယူရာမှာ အရည်အသွေးသတ်မှတ်ချက် တိတိကျကျ မဖော်ပြမိခဲ့ပါက တရုတ်ကား၊ ကိုးရီးယားကား၊ ဂျပန်ကား သုံးမျိုးဝင်ပြိုင်မယ်ဆိုရင် တရုတ်ကားဟာ ဈေးအနိမ့်ဆုံးဖြစ်တဲ့အတွက် တရုတ်ကားသာ အလိုလို ရွေးချယ်ခံရမယ့်အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တင်ဒါခေါ်ယူကတည်းက အရည်အသွေးသတ်မှတ်ချက်ကို တိတိကျကျ ဖော်ပြခဲ့သင့်ပါတယ်။

ကြမ်းခင်းဈေးသိရင် တင်ဒါအောင်သလား
တင်ဒါကော်မတီပေါ်မှာ မူတည်ပါတယ်။ စာအိတ်(B) အတွက် ပေးနိုင်တဲ့အမှတ်က အနည်းဆုံး (၃၀)မှတ်ကနေ အများဆုံး (၅၀) မှတ်အထိဖြစ်ပါတယ်။ စာအိတ် (A) အတွက် ပေးနိုင်တဲ့အမှတ်က အနည်းဆုံး (၅၀)မှတ်ကနေ အများဆုံး (၇၀)မှတ်အထိ ဖြစ်ပါတယ်။ တင်ဒါကော်မတီဟာ စာအိတ်(B) အတွက် အမှတ်(၅၀)၊ စာအိတ်(A) အတွက် အမှတ်(၅၀) ပေးမယ်ဆိုရင် ကြမ်းခင်းဈေး ကြိုတင်သိခြင်းဟာ တင်ဒါအောင်ဖို့အတွက် ၅၀%ပဲ သေချာတဲ့အနေအထားသာ ရှိပါတယ်။ တကယ်လို့ တင်ဒါကော်မတီအနေနဲ့ စာအိတ် (A) အတွက် (၇၀)မှတ်ပေးပြီး စာအိတ်(B) အတွက် (၃၀)မှတ်ပေးမယ်ဆိုရင် ကြမ်းခင်းဈေးကြိုတင်သိခြင်းဟာ တင်ဒါ အောင်ဖို့အတွက် ၇၀% သေချာတဲ့အနေအထားရှိသွားပါပြီ။ စာရေးသူအနေနဲ့ တိုက်တွန်းချင်တာကတော့ တင်ဒါကော်မတီတွေအနေနဲ့ စာအိတ်(A) ကို ၅၀မှတ်ပေးပြီး စာအိတ်(B)ကိုလည်း ၅၀မှတ် ပေးတဲ့စနစ်ကို ကျင့်သုံးစေလိုပါတယ်။
စာအိတ်(A)အတွက် အမှတ်ပေးရာမှာလည်း အမှတ်ပေးခေါင်းစဉ်ငယ်တွေ ထပ်ခွဲနိုင်ပါသေးတယ်။ ဥပမာ ကုမ္ပဏီက ကမ်းလှမ်းတဲ့ဈေးနှုန်းဟာ မူလဈေးနှုန်းနဲ့  နီးကပ်သလား သို့မဟုတ် ကြမ်းခင်းဈေးနဲ့ နီးကပ်သလား စတဲ့အချက်ပေါ် မူတည်ပြီး အမှတ်ပေးနိုင်ပါသေးတယ်။ ဒီနေရာမှာ အထူးသတိထားစေချင်တာကတော့ ကြမ်းခင်းဈေးနှုန်းကို သတ်မှတ်ခြင်းပါ။ ကြမ်းခင်းဈေးနှုန်းဟာ တင်ဒါ ခေါ်ယူလုပ်ဆောင်မယ့်လုပ်ငန်းအတွက် အမှန်တကယ်ကုန်ကျနိုင်မယ့်ငွေပမာဏအပေါ်မှာ အခြေခံ တွက်ချက်ထားတဲ့ ဈေးနှုန်းသာဖြစ်သင့်ပါတယ်။ လက်ရှိမြေပြင်အနေအထားများအရ ကြမ်းခင်းဈေး သတ်မှတ်ရာမှာ မူလဈေးနှုန်းရဲ့အောက် ၁၀%၊ ၁၅% စသည်ဖြင့် မူလဈေးနှုန်းအပေါ်မှာ အခြေခံပြီး တွက်ချက်နေကြခြင်းဟာ အလွန်မှားယွင်းတဲ့တွက်ချက်မှု ဖြစ်ပါတယ်။ မူလဈေးနှုန်း (သို့မဟုတ်) နိုင်ငံတော်မှ ချပေးသောဘတ်ဂျက်ပမဏာဟာ အမှန်တကယ်ကုန်ကျမယ့်ဘတ်ဂျက်ထက် ဆယ်ဆ များနေတာမျိုးလည်း ဖြစ်နိုင်တာမို့ပါ။
ရွေးချယ်ရာမှာလည်း မူလဈေးနှုန်းနဲ့ အနီးစပ်ဆုံး ဈေးပေးတဲ့သူကို ရွေးမှာလား သို့မဟုတ် ကြမ်းခင်းဈေးနဲ့ အနီးစပ်ဆုံး ဈေးပေးတဲ့သူကို ရွေးမှာလား ဆိုတဲ့ဆုံးဖြတ်ချက်ကိုလည်း ကြိုတင်စဉ်းစားထားကြဖို့လိုပါမယ်။ များသောအားဖြင့် ကြမ်းခင်းဈေးနဲ့ အနီးစပ်ဆုံး ဈေးပေးနိုင်တဲ့ကုမ္ပဏီကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒါကြောင့်ပဲ ကြမ်းခင်းဈေးကို ကြိုတင်သိဖို့အတွက် ကုမ္ပဏီတွေဟာ နည်းလမ်းမျိုးစုံးနဲ့ ကြိုးစားလေ့ရှိကြပါတယ်။ အဲဒီနည်းလမ်းတွေကို တာဝန်ရှိသူတွေရော၊ တာဝန်ရှိသူတွေရဲ့မိသားစုဝင်တွေကပါ သီလ၊သမာဓိ၊ပညာနဲ့ ကြံ့ကြံ့ခံပြီး နိုင်ငံတော်မျက်နှာတစ်ခုတည်းကိုသာ ရေရှည်ကြည့်ဖို့လိုပါလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရသစ်အနေနဲ့လည်း ကြမ်းခင်းဈေးပေါက်ကြားမှုတွေ မဖြစ်အောင် ကြပ်မတ်စွာ ထိန်းကျောင်းကိုင်တွယ်သင့်တဲ့အချိန်ရောက်နေပါပြီလို့ နှိုးဆော်အပ်ပါတယ်။


Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

မအိမ်ကံ Review