ယာဉ်စည်းကမ်းများအသက်ဝင်ဖို့ ဒါတွေလိုတယ်


လူတစ်ချို့က ကြောက်လို့ လိုက်နာတယ်။ လူတစ်ချို့ကတော့ အာဏာပိုင်တွေရဲ့အမိန့်ကို လေးစားလို့ လိုက်နာကြတယ်။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုပါတယ်။
နိုင်ငံတကာက သုတေသနပညာရှင်တွေက လူတွေ ဘာကြောင့် စည်းကမ်းတွေကို လိုက်နာကြသလဲ ဆိုတာနဲ့ပတ်သတ်ပြီး သုတေသနပြုရာမှာ များသောအားဖြင့် အောက်ပါအချက်နှစ်ချက်ကြောင့်ဆိုပြီး ဖြေဆိုကြပါတယ်။

(၁) ​ပြစ်ဒဏ်များနှင့် နောက်ဆက်တွဲများကို ရှောင်ရှားလိုခြင်း
ဒီနိုင်ငံမှာဆိုရင်တော့ ယာဉ်ထိန်းရဲတွေ ရှိတဲ့အချိန်မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးဖို့ ကြောက်ရွံ့ကြသလိုမျိုးပါ။ ဒီကြောက်ရွံ့မှုမျိုးက ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းခြင်းဟာ မှန်ကန်တယ်ဆိုတဲ့ အတွေးအခေါ်ယူဆချက်ကြောင့်မဟုတ်ဘဲ ဦးထုပ်မဆောင်းဘဲဆိုင်ကယ်စီးတာကို ယာဉ်ထိန်းရဲတွေ့ရင် အဖမ်းခံရ နိုင်တယ်ဆိုတာနဲ့ အစပြုပါတယ်။ အဖမ်းခံရမှာကြောက်တဲ့အတွက်၊ ဒဏ်ငွေဆောင်ရမှာကြောက်တဲ့အတွက် အဆိုပါ ပြည်သူဟာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါတော့တယ်။ တစ်နည်းအားဖြင့် အဆိုပါစည်းကမ်းကို လိုက်နာခြင်းဟာ သူ့ရဲ့အချိန်တွေ၊ သူ့ရဲ့ငွေတွေစတဲ့ ဆုံးရှုံးမှာကို ကြိုတင်ကာကွယ်ခြင်းသာဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံအတော် များများမှာ ဒီနည်းလမ်းကသာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ သတ်မှတ်လိုက်တဲ့ ဒဏ်ကြေးငွေ သို့မဟုတ် ပြစ်ဒဏ်များဟာ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး အလွန်အမင်းဖြစ်စေတာမျိုး မဖြစ်သင့်သလို ဒဏ်ကြေးငွေအလွန်နည်းပါးပါကလည်း ပြည်သူက စည်းကမ်းကို ပျော်ပျော်ကြီး ချိုးဖောက်ပြီး ဒဏ်ငွေကိုသာ ဆောင်ကြတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့သူတွေကို အချိန်ပြည့် စောင့်ကြည့်ဖို့က အလွန်အရေးကြီးပါတယ်။ မုံရွာမြို့မှာ ဆိုင်ကယ်ဦးထုပ်ဖမ်းသလို ဒီနေ့ဖမ်းလိုက်၊ နောက်ရက်ကျ သူတို့မဟုတ်တဲ့အတိုင်း လမ်းထောင့်က ယာဉ်ထိန်းရဲကင်းထဲမှာ ဖုန်းထိုင်ပွတ်ပြီး ကိုယ်နဲ့မဆိုင်သလိုနေလိုက်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ စည်းကမ်းကို လူတွေအမြဲတစေ လိုက်နာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကျောက္ကာလမ်းကို ဆိုင်ကယ်လမ်းနဲ့ ကားလမ်း ခွဲခြားမောင်းခိုင်းမယ်ဆိုတာကလည်း ထို့အတူပါပဲ။ တစ်နည်းအားဖြင့် ကောက်ရိုးမီးတွေဟာ အလုပ်မဖြစ်ပါဘူး။
(၂) ​စည်းကမ်းများသည် သဘာဝကျပြီး တရားမျှတသည်ဟု ထင်မြင်ခြင်း
အနောက်နိုင်ငံက ဇာတ်လမ်းတွေထဲမှာ ညနက်သန်းခေါင် ဘယ်သူမှ မရှိတဲ့အချိန်တောင်မှ မီးနီလင်းတဲ့အချိန်မှာ ကားကိုရပ်ပြီး မီးစိမ်းမှ ကားမောင်းတဲ့ ဇာတ်ဝင်ခန်းတွေလိုမျိုး တွေ့ဖူးကြမှာပါ။ အလားတူမျိုးပဲ လမ်းဘေးတွင်အမှိုက်မပစ်ရဆိုတဲ့ စည်းကမ်းချက်ရှိမယ်။ အဆိုပါစည်းကမ်းကို လိုက်နာသူတွေတစ်ချို့ဟာ သူတို့ကို ဖမ်းဆီးအရေးယူမယ့်သူ မရှိမယ့်အချိန်တောင်မှ လမ်းဘေးမှာ အမှိုက်ပစ်ဖို့ ဝန်လေးကြပါလိမ့်မယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လမ်းဘေးမှာ အမှိုက်မပစ်ရဆိုတဲ့ စည်းကမ်းဟာ သဘာဝကျတယ်၊ ဒီမြို့ကြီး သာယာလှပရေးအတွက် ဒီစည်းကမ်းဟာ တကယ်လိုအပ်တဲ့စည်းကမ်းဆိုပြီး အဆိုပါပြည်သူတွေက လက်ခံထားလို့ပါဆိုပြီး သုတေသနရလာဒ်တစ်ခုက ဆိုပါတယ်။ တစ်နည်းအားဖြင့် အဆိုပါပြည်သူတွေဟာ တာဝန်သိစိတ်ရှိသော၊ အသိဥာဏ်ရှိသော ပြည်သူတွေ ဖြစ်သွားကြပါပြီ။ အလွယ်ပြောရရင်တော့ နိုင်ငံကြီးသား ပီသသွားကြပါပြီ။ သို့ပေမယ့် ပြည်သူအားလုံး နိုင်ငံကြီးသားပီသဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ ပညာအရည်အချင်းနဲ့ အတွေးအခေါ်အပေါ်မှာ မူတည်နေတဲ့အတွက် ခက်ခဲပြီး အချိန်ယူရဦးမှာဖြစ်ပါတယ်။ ဒီယူဆချက်ရဲ့ ဆန့်ကျင်ဘက်ကတော့ စည်းကမ်းတွေဟာ သဘာဝမကျဘူး၊ တရားမမျှတဘူးဟု ပြည်သူလူထုက ထင်မြင်ယူဆ လိုက်ပါက အဆိုပါစည်းကမ်းတွေဟာ လိုက်နာမည့်သူမရှိသောစည်းကမ်းများ (သို့မဟုတ်) စည်းကမ်းအသေများ ဖြစ်သွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် ရပ်ကွက်တစ်ခုမှာ အမှိုက်ပစ်စရာနေရာ တစ်ခုတည်းရှိမယ်၊ အဆိုပါ နေရာကို အမှိုက်ကန်၊ အမှိုက်ကျင်း ပြုလုပ်ပေးရမည့်အစား ဤနေရာတွင် အမှိုက်မပစ်ရ ဆိုပြီး သတိပေးစာသားအနီကြီးနဲ့ စည်းကမ်းထုတ်လိုက်ရင် အဆိုပါစည်းကမ်းဟာ စည်းကမ်းအသေ ဖြစ်သွားပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ အချိန်အထိ စည်းကမ်းအသေများ၊ ဥပဒေအသေများ များစွာ ကျန်ရှိနေပါသေးတယ်။ နောက်ထပ် စည်းကမ်းအသေတွေ၊ ဥပေဒအသေတွေ ထပ်ပြီး မွေးဖွားမလာဖို့ဆိုတာက အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်က တာဝန်ရှိသူတွေရဲ့ အရည်အချင်းတွေပေါ်မှာ မူတည်နေပါတယ်။
အထက်ဖော်ပြပါအချက်နှစ်ချက်ဟာ ယခင်ရာစုနှစ်များစွာကတည်းက တွေ့ရှိခဲ့တဲ့အချက်များ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ ချီကာဂိုတက္ကသိုလ်က ပရော်ဖက်ဆာ ရစ်ချက်မက်အဒမ်ဆိုသူက စည်းကမ်းတွေ အလုပ်လုပ်ပုံနဲ့ပတ်သတ်ပြီး သီအိုရီအသစ်တွေ ဖော်ထုတ်ခဲ့ပါတယ်။ သူရဲ့အဆိုအရ ပြည်သူကို ဘေးဥပဒ်မဖြစ်နိုင်အောင် ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်တဲ့စည်းကမ်းဥပဒေများနဲ့ ဘေးထွက်ဆိုးကျိုးများကို မီးမောင်းထိုးပြနိုင်တဲ့စည်းကမ်းတွေကသာ အလုပ်ဖြစ်တဲ့စည်းကမ်းတွေဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
(က)​ စည်းကမ်း၊ ဥပဒေများသည် ပြည်သူကို ဘေးဥပါဒ်မဖြစ်နိုင်အောင် ကြားခံအဖြစ်ဆောင်ရွက်ပေးနိုင်ခြင်း
မက်အဒမ်ရဲ့အဆိုအရ စည်းကမ်းတွေ၊ဥပဒေတွေဟာ ပြည်သူတွေအနေနဲ့ ပဋိပက္ခတွေ၊ အခြား မမျှော်လင့် နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်စေဖို့ ကြားခံအနေနဲ့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ သူက ဥပမာတစ်ခုကို ထုတ်ပြပါတယ်။ တစ်လမ်းမောင်းကိစ္စဖြစ်ပါတယ်။ ဒဏ်ရိုက်တာတွေ၊ ဖမ်းဆီးတာတွေ မရှိဘူးဆိုရင်တောင်မှ တစ်လမ်းမောင်းဆိုပြီး ဆိုင်းဘုတ်တပ်ထားတဲ့ လမ်းကို လမ်းပြောင်းပြန် ဝင်လာဖို့ဆိုရင် အဲဒီလူဟာ အတော်လေး ရူးသွပ်နေမယ့်သူပဲဖြစ်မှာလို့ သူက ဆိုပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ တစ်လမ်းမောင်း သင်္ကေတကို တွေ့ပြီဆိုရင် ဘေးနားမှာ ယာဉ်ထိန်းရဲမရှိရင်တောင်မှ စည်းကမ်းကို သေသေဝပ်ဝပ် လိုက်နာလေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်လမ်းမောင်းထဲကို လမ်းပြောင်းပြန် မောင်းဝင်လာပြီးမှ ဟိုဘက်က လာတဲ့ကားနဲ့ လမ်းမထက်မှာ မျက်နှာချင်းဆိုင် ကားချင်းတိုက်နိုင်မယ့်အန္တရာယ်ကို ဘယ်သူမှ မလိုချင်ပါဘူး။ ဒါကြောင့် စည်းကမ်း၊ဥပဒေတွေဟာ ပြည်သူကို ဘေးဥပါဒ်မဖြစ်နိုင်အောင် ဆောင်ရွက်ပေးနိုင်လေလေ၊ အဲဒီ စည်းကမ်းဥပဒေတွေက အလုပ်ဖြစ်လေလေပဲဆိုပြီး မက်စ်အဒမ်က ပြောခဲ့တာပါ။
(ခ) ​စည်းကမ်း၊ဥပဒေများသည် ဘေးထွက်ဆိုးကျိုးများကို မီးမောင်းထိုးပြနိုင်ခြင်း
မက်အဒမ်ရဲ့ ဒုတိယအဆိုအရ အသက်ဝင်တဲ့ စည်းကမ်း၊ဥပဒေတွေဟာ လူတွေ အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်တွေကို မီးမောင်းထိုးပြပြီး လူတွေရဲ့အမူအကျင့်ကို မြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ လူတွေဟာ မိမိ ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံပြီး မိမိရဲ့ ကိုယ်ပိုင်ယုံကြည်မှုဆိုတာဖြစ်တည်လာသကဲ့သို့ လူတွေရဲ့ ယုံကြည်မှုပြောင်းလဲခြင်းနဲ့အတူ သူတို့ရဲ့ နေထိုင်ပြောဆိုပြုမူဆက်ဆံပုံ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
မက်အဒမ်က ဆေးလိပ်သောက်ခြင်းကို တားမြစ်တာနဲ့ပတ်သတ်ပြီး ဥပမာပေးပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို ဥပဒေပြုသူတွေက သိလာသလို ပြည်သူလူထုကြမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြတဲ့အခါမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်တဲ့ဥပဒေတွေ ထွက်ပေါ်လာပါတယ်။ အဆိုပါဥပဒေထွက်ပေါ်လာတဲ့အခါမှာ ဆေးလိပ်မသောက်သုံးများဟာ ဆေးလိပ် သောက်ခြင်းကို ပိုမိုဆန့်ကျင်လာကြပြီး ဆေးလိပ်သောက်သုံးသူများကိုလည်း ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်လာကြပါတယ်။ ထိုအချိန်မှာ ဆေးလိပ်သောက်သုံးသူများအား သူတို့ကို ခွဲခြားဆက်ဆံခံရတာတွေ၊ လူရာ မသွင်းတာတွေကနေ ရုန်းထွက်ဖို့အတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပစ်တာ စသည်ဖြင့် သူတို့ရဲ့ အပြုအမူ ကို ပြောင်းလဲမှုတွေကို စတင်ကြပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါဟာ သီအိုရီတစ်ခု ဖြစ်ပါတယ်လို့ မက်အဒမ်က သုံးသပ်ထားပါတယ်။
သို့ပေမယ့် လူအများစုဟာ ဆေးလိပ်သောက်ခြင်းကို လက်ခံထားပါက အဆိုပါ သီအိုရီက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဝန်ခံထားပါတယ်။ “ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေ၊ ငြင်းခုံမှုတွေ ဖြစ်လာပြီဆိုတော့မှ ဒီသီအိုရီက အလုပ်ဖြစ်ပါလိမ့်မယ်” ဆိုပြီး မက်အဒမ်က ပြောပါတယ်။ ဒါကြောင့်လည်း အချို့စည်းကမ်းတွေ၊ဥပဒေတွေ အသက်ဝင်ဖို့ဆိုတာက လူထုက အလိုလို နာခံမှုကို စောင့်စားမနေဘဲ မနာခံပါက ပြစ်မှုပြစ်ဒဏ်ဘယ်လောက်ဆိုပြီး သတ်မှတ်ချက်တွေ လိုအပ်နေတာပါ။
စည်းကမ်းတားမြစ်ချက်တွေကို လိုက်နာစေဖို့အတွက် ပြစ်မှုပြစ်ဒဏ်များနဲ့ ခြိမ်းခြောက်ခြင်းဟာလည်း အလုံးစုံ မှန်ကန်ပြီး အလုပ်ဖြစ်တဲ့နည်းလမ်းမဟုတ်ဘူးလို့လည်း အချို့သောပညာရှင်များက ထောက်ပြပါသေးတယ်။ အဆိုပါ တွေးခေါ်မှုဟာ စည်းကမ်းဖောက်ဖျက်သူအားလုံးကို တပြေးညီ ပြစ်မှုပြစ်ဒဏ် မချမှတ်နိုင်တဲ့ အခြေအနေတွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စည်းကမ်းတားမြစ်ချက်ကို ဖောက်ဖျက်တာခြင်းအတူတူ မောင်ဖြူက လွတ်သွားပြီး မောင်နီက ပြစ်ဒဏ်ခံရပြီဆိုပါက လူထုက အဆိုပါစည်းကမ်းနဲ့ပြစ်ဒဏ်အပေါ် ယုံကြည်မှု ကျဆင်းသွားလေ့ ရှိပါတယ်။ ဒါကြောင့် စည်းကမ်းဖောက်ဖျက်သူအားလုံးကို ဖမ်းဆီးမိနိုင်ဖို့ လူထုရဲ့ပူးပေါင်းပါဝင်မှုကို အာဏာပိုင်တွေက အားကိုးရပါတယ်။ သတင်းပေးပါက ဆုတော်ငွေ ဘယ်လောက်ပေးမည်၊ စည်းကမ်းဖောက်ဖျက်သူ ပေးဆောင်ရမည့် ဒဏ်ငွေ၏ မည်မျှရာခိုင်နှုန်းကို တိုင်ကြားသူအား ဆုချီးမြှင့်မည်စသည့် ပြည်သူကို မက်လုံးပေးတဲ့နည်းလမ်းများဖြင့် ပြည်သူအများ စည်းကမ်းလိုက်နာအောင် ပြည်သူအချင်းချင်း ထိန်းကျောင်းသည့်စနစ်များသည်လည်း ယနေ့ခေတ်အခါတွင် ပိုမိုတွင်ကျယ်လာနေပြီဖြစ်ပါတယ်။
ဇော်သူရိန်ထွန်း
မုံရွာဂေဇက်
အတွဲ ၂၊ အမှတ် ၃၉

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review