မအိမ်ကံ Review


လတ်တလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စာရေးဆရာမခင်ခင်ထူးရဲ့ မအိမ်ကံဝတ္ထုကို စိတ်ဝင်စားတာနဲ့ ရှာဖွေပြီး ဖတ်ရှုမိခဲ့ပါတယ်။ စုစုပေါင်း အချိန် (၈)နာရီခန့်လောက် ဖုန်းကို Airplane ထား၊ ဘယ်သူနဲ့မှ မတွေ့ဘဲ အေးအေးဆေးဆေး ဖတ်ကြည့်ခဲ့ပါတယ်။ စာရေးဆရာရဲ့ အမှာစာမှာကတည်းက ဒီအဖြစ်အပျက်ဟာ တစ်ကယ့်အဖြစ်အပျက်လို့ပါဆိုပြီး ပြောထားတော့ ပိုပြီးစိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ စာအုပ်ကို လက်က မချနိုင်လောက်ထိ ဆွဲဆောင်မှုအလွန်ကောင်းတဲ့ ၀တ္ထုဖြစ်ပါတယ်။ ၀တ္ထုအကြောင်းအရာကတော့ အလွန်တရာရုပ်ရည်ချောမော၊ ကိုယ်ကျင့်သီလကောင်းတဲ့ သူကြီးသမီး မအိမ်ကံတစ်ယောက်ဟာ ငယ်ငယ်ကတည်းက ဖက်စိမ်း ကွမ်းတောင်ကိုင်ဖြစ်ချင်ခဲ့တဲ့သူတစ်ယောက်ပါ။



ရွာရဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ဆိုတာကလည်း ဖြစ်ချင်တိုင်း ဖြစ်လို့မရပါဘူး။ အသက်(၁၈)နှစ်ပြည့်ပြီးသူ အပျိုဖြစ်ရမယ်၊ ကိုယ်ကျင့်သီလကောင်းမွန်ရမယ်၊ အနေအထိုင်တည်ငြိမ်ပြီး ဗိုင်းကောင်းကျောက်ဖိဖြစ်ရမယ်၊ ရည်းစားသနာမရှိရဘူး၊ ရုပ်ရည်ချောမောလှပရမယ်၊ တစ်ရွာလုံးက သဘောထားတူညီစွာနဲ့ ရွေးချယ်သူဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ သို့ပေမယ့် သူမဟာ ဖက်စိမ်းကွမ်းတောင်ဖြစ်ခွင့်မရခဲ့ပါဘူး။ ရုပ်ရည်ကလည်း ဇောင်ချမ်းကုန်းရွာ တစ်ရွာလုံးမှာ အလှဆုံး၊ ကိုယ်ကျင့်သီလကလည်း ဘာမှမပြောစရာမလိုတဲ့ မအိမ်ကံတစ်ယောက် ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ခွင့်မရှိဘူးဆိုတာ အမေ မပန်းရုံက မအိမ်ကံ ငယ်ငယ်လေးကတည်းက သိပေမယ့် ကာယကံရှင် မအိမ်ကံကတော့ မသိရှာပါဘူး။ မအိမ်ကံလိုဘဲ စာဖတ်ပရိတ်သတ်အနေနဲ့ကလည်း မအိမ်ကံ ဖက်စိမ်းကွမ်းတောင်ကိုင် မဖြစ်နိုင်ဘူးဆိုတာ ၀တ္တုအစပိုင်းမှာကတည်းက စာရေးသူက ပြောထားလို့ သိနေပေမယ့် မအိမ်ကံတစ်ယောက် ဘာကြောင့် ဖက်စိမ်းကွမ်းတောင်ကိုင် မဖြစ်နိုင်တာလဲဆိုတဲ့အဖြေက စာမျက်နှာ ၂၂၀မှာမှ ကျော်လောက်မှာမှ အဖြေပေါ်လာတာပါ (အဲဒီစာမျက်နှာ ၂၂၀ကို မရောက်မချင်း ဘာကြောင့် မအိမ်ကံက ကွမ်းတောင်ကိုင်မဖြစ်နိုင်တာလဲဆိုတဲ့ သိချင်စိတ်ဟာ ဒီစာအုပ်ကို ဖတ်သူတိုင်း သိချင်ကြမှာပါ)။ အဲဒီအဖြေကို သိလိုက်ရတဲ့အခါမှာ ကိုယ်မလုပ်ရပါဘဲ ကိုယ့်ဘ၀ပေးအခြေအနေကြောင့် ကွမ်းတောင်ကိုင်ဖြစ်ခွင့်မရရှာတဲ့ မအိမ်ကံကို အတော်လေးကို ကရုဏာသက်မိပါတယ်။

နောက်တော့ မအိမ်ကံ အိမ်ထောင်ကျပါတယ်။ သူသိပ်ချစ်ရတဲ့ သူ့အစ်ကိုရဲ့ မိတ်ဆွေဖြစ်သူ နိုင်ငံရေးသမား မြို့သား မောင်ပြေသိမ်းနဲ့ပေါ့။ အိမ်ထောင်ကျပြီးတဲ့အခါမှာ အိမ်ထောင့်တာဝန်တွေကို မအိမ်ကံကပဲ ဦးစီးလုပ်ရတာပါ။ သူယောကျာ်း ကိုပြေသိမ်းဟာဖြင့် နိုင်ငံရေးသမားလည်းဖြစ်ပြန်၊ အဲဒီခေတ်အချိန်က ဂျပန်ခေတ်လည်းဖြစ်တာမို့ ကိုပြေသိမ်းဟာ အိမ်မှာ ကပ်ရတယ်လို့လည်း မရှိပါဘူး။ မအိမ်ကံဟာ ရိုးရိုးအအ တောသူဖြစ်တာမို့ သူ့ယောကျာ်းလုပ်နေတဲ့ နိုင်ငံရေးအလုပ်တွေကို တစ်လုံးတစ်ပါဒမှ မသိပေမယ့် ငြူစူဆောင့်အောင့်တာမျိုး မလုပ်ဘဲ မိန်းမတာဝန်ကျေပွန်အောင် အမြဲနေခဲ့ပါတယ်။ နောက်ပိုင်းမှာ မအိမ်မြိုင်ဆိုတဲ့ သမီးကြီးနဲ့ မအိမ်ခိုင်ဆိုတဲ့ သမီးငယ်နှစ်ဦး ထွန်းကားခဲ့ပါတယ်။ ကိုယ့်တုန်းက ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်ခွင့်မရခဲ့တဲ့ မအိမ်ကံဟာ သူ့သမီးကြီး အသက် (၁၈)နှစ်ပြည့်တဲ့အချိန် ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ကို ဖြစ်စေရမယ်ဆိုပြီး တိတ်တခိုး မျှော်လင့်ချက်ထားခဲ့တာပါ။ သမီးကြီး မအိမ်မြိုင်ဟာ ရုပ်ရည်ကလည်း ချောမောလှပတဲ့အပြင် ကွမ်းတောင်ကိုင်မဖြစ်နိုင်စရာ ဘာအကြောင်းမှ မရှိတာမို့ မအိမ်ကံဟာ သူ့သမီး ဖက်စိမ်းကွမ်းတောင်ကိုဖြစ်ဖို့ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်ခဲ့ရပါတယ်။ အဲဒီလို မျှော်လင့်ချက်ထားနေတဲ့ကာလအတွင်းမှာ မအိမ်ကံကြုံရတဲ့ လောကဓံတွေကလည်း မနည်းမနောပါပဲ။

အဖေဆုံးတယ်၊ နောက် အမေဆုံးတယ်၊ မလှအုံဆုံးတယ်၊ ယောကျာ်းဖြစ်သူက တောခိုသွားတယ်၊ သမီးနှစ်ယောက်ရယ်၊ မကျေးဥရယ်နဲ့ နေထိုင်ရရှာပါတယ်။ သမီးနှစ်ယောက်လုံး ရွာကျောင်းက ပညာရေးပြီးတော့ မြို့ကျောင်းကို ပို့ပြီး ပညာသင်ကြားစေတော့ အိမ်မှာ မအိမ်ကံရယ်၊ မကျေးဥရယ် နှစ်ဦးတည်းပဲ ကျန်တော့တာပေါ့။ ဟိုးအရင်က မိသားစုစုံစုံလင်လင် သိုက်သိုက်ဝန်းဝန်းနဲ့ ဖြစ်ခဲ့ပေမယ့် အခုတော့ ဒီအိမ်ကြီးထဲမှာ သူရယ်၊ မကျေးဥရယ် မိန်းမသားနှစ်ယောက်တည်း နေထိုင်ခဲ့ရပြီး တစ်ခါတစ်ရံ မြို့က သမီးကြီး မအိမ်မြိုင် အလည်ပြန်လာတတ်တဲ့အချိန်က မအိမ်ကံအတွက် အပျော်ရဆုံး အချိန်တွေပေါ့လေ။

ရွာမှာ မူလတန်းကျောင်းအုပ်ဖြစ်ပြီး တစ်ရွာလုံးက လေးစားသမှုနဲ့ နေထိုင်ရတဲ့ ကျောင်းဆရာဘ၀ကိုပစ်၊ မိန်းမနဲ့သမီးတွေကို ပစ်ထားပြီး နိုင်ငံရေးခံယူချက်ပြင်းထန်စွာနဲ့ တောခိုသွားတဲ့ လင်ဖြစ်သူကို သတိရနေပမယ့် ဒီဘ၀ ဒီမျှသာဆိုပြီး လင်ဖြစ်သူကို သံယောဇဉ် ယတိပြတ်ဖြတ်ခဲ့တဲ့ မအိမ်ကံ၊ သမီးကြီး မအိမ်မြိုင် မြို့ကျောင်းက ပြန်အလာ၊ ရွာမှာလည်း အလှူရှိ၊ အလှူမှာ ဖက်စိမ်းကွမ်းတောင်ကိုင်က လစ်လပ်နေတဲ့အချိန်၊ ဖက်စိမ်းကွမ်းတောင်ကိုင်ကို တစ်ရွာလုံးက ရွေးချယ်ကြတော့မယ်အချိန်မှာ ငါ့သမီးမှမဖြစ် ဘယ်သူဖြစ်စရာရှိသေးလဲဆိုပြီး သူ့တုန်းက ဖြစ်ခွင့်မရတဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ဘ၀ကို သမီးအလှည့်ကျဖြစ်ပြီဆိုပြီး ကျိတ်ပျော်နေတဲ့ မအိမ်ကံတစ်ယောက်ကို ကံကြမ္မာသာ မျက်နှာသာ မပေးခဲ့ပါဘူး။ အလှူပွဲနီးတဲ့အချိန်မှာပဲ သမီးဖြစ်သူဟာ ခိုးရာလိုက်ပြေးသွားတာမို့ ကွမ်းတောင်ကိုင်ဖြစ်ခွင့်မရှိတော့တဲ့အချိန်မှာ သူ့ဘ၀ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်ခဲ့ပြီးမရခဲ့တဲ့၊ သူ့သမီးဘ၀ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်ပြီးမရခဲ့တဲ့ စုစုပေါင်း အနှစ်လေးဆယ်လုံးလုံး မျှော်လင့်ခဲ့ပြီး မရခဲ့တဲ့ ဖက်စိမ်းကွမ်းတောင်ကိုင် ရည်မှန်းချက် ပျက်စီးသွားတဲ့အခါ၊ သမီးကိစ္စကြောင့် စိတ်ဓာတ်အကြီးအကျယ်ကျသွားတဲ့ မအိမ်ကံအတွက် တောခိုသွားတဲ့ လင်သားဖြစ်သူ မောင်ပြေသိမ်း ကျဆုံးသွားပြီးဆိုတာ သိလိုက်ရတဲ့အခါမှာတော့ မအိမ်ကံဟာ စာဖတ်သူတွေ မထင်ထားတဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပါတော့တယ်။
“မအိမ်ကံ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်ခြင်းပါပဲ”။
သူ့အိမ်ထဲက ပဲမှော်တိုက်မှာ နွားချည်ကြိုးနဲ့ ကိုယ့်ကိုယ့်ကို သတ်သေသွားတဲ့ မအိမ်ကံဟာ သေတဲ့အချိန်မှာတောင် ပြုံးပြုံးလေးဖြစ်နေတာကလည်း အကြောင်းရှိပါသေးတယ်။ အခါခါ ရှုံးခဲ့ကြခြင်းအပေါ် မခံမရပ်နိုင်လွန်းလို့ နိုင်ပေါက်ကို တိုးဝင်သွားခဲ့ပြီး သူ့ကိုယ်သူ နိုင်တယ်လို့ ကျေကျေနပ်နပ်ကြီး ခံယူသွားခဲ့တာပါပဲ။ တကယ်တော့ မအိမ်ကံ အနိုင်မကျန်ခဲ့ပါဘူး။ အကျည်းတန်ခြင်းသာ ကျန်ခဲ့ပါတယ်။ ဖက်စိမ်းကွမ်းတောင်ကိုင်အိမ်
မအိမ်ကံဝတ္ထုတစ်အုပ်လုံးဟာ အခုပြောခဲ့တဲ့ မအိမ်ကံအကြောင်းကို အဓိကအနေနဲ့ထားပြီး အဲဒီခေတ်၊ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ တင်ဆက်ထားပါတယ်။ အထူးသဖြင့် မအိမ်ကံရဲ့အမျိုးသား ကိုပြေသိမ်းဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်တာမို့ ကိုပြေသိမ်းနဲ့ဆက်စပ်ပြီး စာရေးသူ ဖော်ပြသွားတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တစ်ချို့ကို စာဖတ်သူတွေတွေ သိခွင့်ရမှာပါ။

တစ်ဘက်မှာတော့ မအိမ်ကံနဲ့ မအိမ်ကံတို့ မိသားစုတွေရဲ့ အညာဓလေ့၊ အညာစရိုက်တွေ၊ အထူးသဖြင့် ဇောင်ချမ်းကုန်းဆိုတဲ့ မြင်းခြံမြို့နယ်နားက ရွာကလေးရဲ့ နေ့ဓဓူဝလည်ပတ်ပုံတွေ ပွဲတော်တွေကိုလည်း မြင်တွေ့ခွင့်ရမှာပါ။ စာဖတ်နေရင်း ဇောင်ချမ်းကုန်းရွာလေးကို ရောက်သွားသလိုခံစားရပြီး မအိမ်ကံကို ဘေးကနေ လိုက်ကြည့်နေရသလိုမျိုး မြင်ယောင်လာသည်အထိ စာရေးသူက ဆွဲဆောင်ဖွဲ့နွဲ့ထားတာပါ။ ၀တ္ထုဖတ်အပြီးမှာ “သြော် မအိမ်ကံရယ်” ဆိုပြီး သက်ပြင်းချမိပါတယ်။ ပြင်းထန်သော စွဲလမ်းအားကြီးမှုကပဲ သူ့ဘ၀တစ်လျှောက်လုံးကို ဒုက္ခပေးသွားခဲ့ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိဖြစ်ခဲ့ရတာကိုး။ ပြင်းထန်သောစွဲလမ်းအားကြီးမှုရဲ့ ဘေးဥပဒ်ကို စာဖတ်သူတစ်ဦးအနေနဲ့ ခံစားသိရှိလိုက်ရပါတယ်။ ကွမ်းတောင်ကိုင်ဆိုတဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့ ဂုဏ်ပုဒ်ကလေးကို ဘ၀နဲ့ချီပြီး တပ်မက်မက်မောသူတစ်ဦးကို ဒီကွမ်းတောင်ကိုင်လေးကိုများ ဒီလောက်ထိ လိုချင်ရသလားကွာဆိုပြီး မချိတင်ကဲဖြစ်မိပေမယ့် ဒီဘက်ခေတ်လိုများဆိုရင် မအိမ်ကံလို မိန်းမသားမျိုး ရှိပါတော့မလားဆိုတဲ့ စိုးရိမ်အတွေးတွေ တစ်သီကြီးဝင်လာပါတယ်။ ရှေးခေတ်မြန်မာမိန်းကလေးပျိုလေးတွေရဲ့ တန်ဖိုးအားဖြင့် မက်လောက်စရာ ကိုယ်ကျင့်တရားနိမိတ်ပုံတစ်ခုဖြစ်တဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ဆိုတဲ့ဘ၀တွေ ရှိခဲ့ကြတဲ့ အတိတ်ကို လွမ်းမောပြီး ကျန်ခဲ့ပါတော့တယ်။
Zaw Thurein Tun

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး