ချင်းတွင်းကြည့်ရင်းငိုတဲ့အသံ

စစ်ဖြစ်တာလည်းမဟုတ်
ကပ်ရောဂါလည်းမဟုတ်ပါပဲ
ဟောဒီချင်းတွင်းမှာ
အပြစ်မဲ့တွေ သောက်သောက်လဲသေကြ
ဘ၀တွေကွဲ
မျက်ရည်တွေရွှဲလို့
စက်လှေ တစ်ချက်အမှောက်က
အသက်တွေများစွာကို ဆွဲချပစ်ခဲ့တယ်



ကျောင်းသားတွေ ၀န်ထမ်းတွေ
မိသားစုတွေ ကလေးငယ်တွေ
စက်လှေသမားက တန်ဖိုးမထား
လူများလေ ငွေရလေ
(အဲဒီလိုကောင်က အဲဒီလိုပဲသိတယ်)

အခုတော့
အဖေအမေတွေလည်း သားသမီးကို
မျှော်လို့ငို
သားသမီးတွေကလည်း
အဖေအမေကို
မျှော်လို့ငို
ကျောင်းသားလေးတွေက ဆရာမကို
မျှော်လို့ငို
ချစ်သူတစ်ယောက်ကို ကျန်ခဲ့သူက
မျှော်လို့ငို
ချင်းတွင်းမြစ်ဘေးမှာ ပူလောင်ကျွမ်းကုန်လို့
မြစ်ရေတွေတောင် ခမ်းလုလု

“အမေ သားလာနေပြီလေ။ အမေ့ကို သီတင်းကျွတ်ကန်တော့ပါရစေ”
ဆိုတဲ့သားလေး
“ခန္တီးမှာ စာသင်ပေးရတာ ပျော်တယ်” ဆိုတဲ့ ကျောင်းဆရာမလေး”
အဝေးသင်ပြီးရင် သမီးအလုပ်လုပ်ပြီး အမေတို့ကို လုပ်ကျွေးမယ်” ဆိုတဲ့
ကျောင်းသူလေး
အားလုံး…အားလုံး….အားလုံး
အခုတော့ မြစ်အောက်ခြေမှာ အတုံးအရုံး
မြစ်ကိုကြည့်ရတာလည်း
စိတ်ချမ်းသာစရာကုန်ဆုံး

ချင်းတွင်းမြစ်က မော်တော်ဟာ
ဗုံးတစ်လုံးမကွဲ ကျည်ဆံတစ်တောင့်မပစ်ဘဲ
လူ့အသက်တွေ နိုင်ငံ့အတွက် ခွန်အားတွေကို
ရိုက်ချိုးဖျက်ဆီး………..
“တောက်” လို့ ခပ်နာနာငါခေါက်
အလောင်းတွေမြင်တိုင်း ရင်ထဲတဆစ်ဆစ်နာ

ဒီဘ၀မှာ ဒါမျိုးတွေ
ထပ်မကြုံရပါစေနဲ့တော့လို့
မနေ့က လပြည့်ည
ဘုရားမှာ ဆုတောင်းမိတယ်။

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review