အတိတ် ၂၉

လက်တွေနဲ့ လှမ်းမမီနိုင်တော့မျိုးဖြစ်ရင်
ငါ့ကို ပွေ့ဖက်ထားဖို့ ပြန်မလွမ်းပါနဲ့
တစ်ယောက်ကိုတစ်ယောက်
နားလည်ယောင်ဆောင်ခဲ့မှန်း
ဝေးသွားမှသိတယ်
အမုန်းကြိုးတွေကြီးသလောက်
သံယောဇဉ်ကြိုးက ပိုသေးတယ်
ဖြတ်ရတာသိပ်လွယ်တယ်
သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်မှာ
နယ်ခြားမှတ်တိုင်တွေ စိုက်ထူခံလိုက်ရသလိုမျိုး
နောက်ဆုံး…
အတ္တတွေကသာ အနိုင်ယူသွားတယ်
ချစ်ခြင်းမေတ္တာဆိုတာ ငတ်မွတ်ခေါင်းပါးသွားရင်
လူတွေအားလုံး ခေါင်းခါပြီးပြောကြလိမ့်မယ်
ဒါတွေဟာ ပုံပြင်တွေပါကွာဆိုပြီး
မရနိုင်တော့တာကို လွမ်းရင်းနဲ့ပဲ
ထပ်ပြောလိမ့်မယ်
ဒါတွေဟာ ပုံပြင်တွေပါကွာပေါ့
ကိုယ့်စိတ်ကို ကိုယ့်လောက် ဘယ်သူသိမှာတုန်း
စိတ်ရိုင်းနေတာလည်းသိ
စိတ်ကူးယဉ်နေတာလည်းသိ
စိတ်ယဉ်ကျေးနေတာလည်းသိ
စိတ်အလိုမကျတာလည်းသိ
ခက်တာက ကိုယ့်စိတ်မှာဖြစ်နေတာတွေပြောဖို့
အဖော်လိုတယ်ဆိုပြီး ပညတ်ထားတဲ့
လူ့အဖွဲ့အစည်းကြီးက ပြဿနာပဲ။
တံခါးခေါက်ဝင်ခဲ့ပါလို့ပြောခဲ့သလား
တံခါးမခေါက်ပဲ ဝင်တာကို ခွင့်ပြုခဲ့သလား
မသိဘူး သေချာမသိဘူး
ခုမှ ပြန်တော့မလားဆိုပြီး စကားစလို့မရတော့ပါပဲ
နှလုံးသားက အခန်းနဲ့တူတယ်ဆိုတာ
ဧည့်သည်ရောက်လာမှ သိတော့တယ်
ဟိုးတောင်တန်းကြီးတွေ
ဟိုးလယ်ကွင်းစိမ်းကြီးတွေ
ဟိုးခရီးရှည်ကြီးတွေ ရှိသလောက်သွားလို့မရ
လူတိုင်းဟာ ကန့်သတ်ခံတွေပဲ
ကိုယ့်ဖြစ်တည်ခွင့်ကို
တည်ဆောက်နေရတာကပိုဆိုးတယ်
ရုပ်ထုတွေကိုကြည့်ပါ
ကိုယ့်ဘဝကိုထုဆစ်ပါ
ထင်ခဲ့တာပဲ ဟုတ်မယ်လို့
ကိုယ်ကိုယ့်ကိုထုဆစ်ရင်း
ကိုယ့်ရုပ်ကို ကိုယ်မမြင်တော့တာက ခက်နေတာ
ကိုယ့်ရုပ်ကိုကြည့်ပြီး လှောင်နေကြတာတွေကလည်း
စိတ်ပျက်စရာ
သူတို့ကို ပြန်ကြည့်တော့လည်း
သူတို့ကိုယ်သူတို့ ထုဆစ်နေကြတာတွေက
မပြီးသေးဘူး..
ခက်တာပဲ
စကားတွေပြောကြ တွေ့ကြဆုံကြ
အတ္တတွေကို ဈေးရောင်းကြ
အောင်မြင်မှုတွေကို အမှတ်ပေးကြ
ရှုံးနိမ့်မှုတွေကဲ့ရဲ့ကြ
ဘယ်သူကများ ငါ့ကိုချစ်လေမလဲဆိုပြီး
မျက်စိဒေါက်တောက် ရှာဖွေကြ
တစ်ယောက်တည်းနေတော့လည်း
ရူးနေတယ်ဆိုပြီး ပြောကြဦးမယ်
ခဏ
ရေတစ်ခွက်လောက်တိုက်ပါ
ပြီးရင် ခင်ဗျားနားကို ပါဝါဖွင့်ထားပါ
အားကုန်သွားရင် အားဖြည့်ပါ
ပါးစပ်တွေ ပြောဖို့ပဲသိပြီး
နားတွေက နှစ်ဖက်ပါတယ်ဆိုတာ မေ့နေကြ
အမြဲတမ်း တစ်ဖက်နားကိုပဲ
သိပ်ယုံနေကြတာပဲ
ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်တွေအကြောင်း
မေ့လို့မရနိုင်တော့မယ့်ရက်စွဲတွေအကြောင်း
ပြန်ပြောင်းအောက်မေ့ ပြောရင်း
နားထောင်ချင်ယောင်ဆောင်နေတဲ့လူတွေကြည့်ရင်း
လက်နဲ့ပွေ့ခွင့်မရှိတော့တဲ့ ခန္ဓာကိုယ်လေးကို
လွမ်းတယ်
အခုတော့ သူလည်းသူ့အတ္တနဲ့သူ
ကိုယ်လည်းကိုယ့်အတ္တနဲ့ကိုယ်
အတိတ်တုန်းက
ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့တာပဲ
အသက်ရှင်နေရင်း တွေးရင်းလွမ်းရင်း
တစ်နေ့ သေရမယ်ဆိုတာ
မေ့နေသလိုမျိုးပေါ့။

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review