ဗိုလ်ချုပ်အောင်ဆန်းတံတား


ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အမည်ပေးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ပြီး ဆွေးနွေးရာမှာ ထောက်ခံမဲအများစုနဲ့ အဆိုအောင်သွားပါတယ်။
အဆိုကို ထောက်ခံဆွေးနွေးတာရော၊ ကန့်ကွက်ဆွေးနွေးတာရော တွေ့ရပါတယ်။ ဒေါ်ပြုံးကေသီလှိုင် ဆွေးနွေးချက်ထဲမှာဆိုရင် ဒီတံတားကိစ္စမှာ နိုင်ငံရေးပယောဂမကင်းဘူးဆိုပြီး ထည့်ပြောသွားတာတွေ့တယ်။ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကတော့ တံတားနာမည်ပေးဖို့ကိစ္စဟာ လွှတ်တော်ထိတောင် မရောက်သင့်ဘဲ ပြည်နယ်အစိုးရအဆင့်နဲ့တင်ပဲ လုပ်ရမှာဖြစ်ကြောင်း၊ အရင်အစိုးရတုန်းကလိုပဲ ဒေသအလိုက် နာမည်ပေးတာကိုပဲ တိုက်တွန်းလိုတဲ့သဘော ဆွေးနွေးတယ်။ ပြည်ခိုင်ဖြိုးအမတ်တစ်ဦးကတော့ လွှတ်တော်ဆိုတာ အရေးကြီးတဲ့ ဥပဒေပြုရေးကိစ္စ၊ အစိုးရနဲ့တရားစီရင်ရေးကို Check and Balance လုပ်ဖို့ကိစ္စတွေသာ လုပ်ရမှာဖြစ်ကြောင်း၊ ဒီတံတားသေးသေးလေးကို ဗိုလ်ချုပ်နာမည်ပေးတာက ဗိုလ်ချုပ်ကို နှစ်ခါသတ်သလို ဖြစ်တယ်ဆိုပြီး ကန့်ကွက်ဆွေးနွေးသွားတယ်။ ကချင်ပြည်နယ်က အမတ်တစ်ဦးက ဗိုလ်ချုပ်နာမည်ပေးလိုက်ရင် တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး လျော့နည်းသွားမှာ စိုးရိမ်ကြောင်း ဆွေးနွေးသွားတယ်။



ကျန်တဲ့ NLD အမတ်တွေကတော့ မြန်မာနိုင်ငံရဲ့ မြစ်ကူးတံတားတွေမှာ ဗိုလ်ချုပ်အောင်ဆန်း နာမည်နဲ့ တံတားလုံးမမရှိသေးတာမို့၊ အရင်ခေတ်က ချောင်ထိုးခံထားရတဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်စိတ်ဓာတ်ကို ပြန်လည်ပေါ်လွင်စေချင်လို့၊ ဗိုလ်ချုပ်ဟာ လူမျိုးတစ်ခုရဲ့ ခေါင်းဆောင်မဟုတ်ဘဲ အမျိုးသားခေါင်းဆောင်ဖြစ်တဲ့အတွက်၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့အတွက် ဂုဏ်ပြုရမှာဖြစ်တယ်၊ အဲဒီလို ဂုဏ်ပြုရာမှာ နေရာဒေသရွေးစရာမလိုဘူးဆိုတဲ့ သဘောမျိုး ပြောသွားတာလည်း တွေ့ရတယ်။ မှတ်မှတ်ရရ ကယားက အမတ် ဆွေးနွေးသွားတဲ့ထဲမှာ လွှတ်တော်အမတ်ဆိုတာ ပြည်သူချစ်အောင်ချည်း လုပ်နေရမှာမဟုတ်ဘူး၊ နိုင်ငံရေးအရ ရပ်တည်သင့်တာမှန်ရင် ပြတ်ပြတ်သားသား ရပ်တည်ရမှာပဲလို့ ဆွေးနွေးသွားတယ်။
ကျွန်တော့်အမြင်အရ ပြောရရင် ဗိုလ်ချုပ်ကို အမျိုးသားရေးခေါင်းဆောင်အဖြစ်နဲ့ လက်ခံကြသူတွေလည်း ရှိပေမယ့် လက်မခံကြသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပင်လုံကတိက၀တ်နဲ့ပတ်သတ်ပြီးတော့ပါ။ ဗိုလ်ချုပ်ဟာ လုပ်ကြံခံလိုက်ရတော့ ပင်လုံအကြွေးတင်သွားသလို ဖြစ်ခဲ့ပါတယ်။ အခုထိလည်း ပင်လုံအကြွေးဇာတ်လမ်းဟာ မပြီးသေးဘူးလို့ ပြောရမလိုဖြစ်နေပါတယ်။ တိုင်းရင်းသားတွေနဲ့တွေ့တိုင်း ပင်လုံကတိက၀တ်ကို သူတို့တွေ မကြာခဏ ပြောဆိုပြီး အဲဒီကတိက၀တ်တွေအတိုင်း အခုထိ မဖြစ်သေးဘူးဆိုပြီး မချိတင်ကဲ ဖြစ်နေဆဲပါပဲ။ ဒါ့ကြောင့် ဗိုလ်ချုပ်ဟာ အမျိုးသားခေါင်းဆောင်ကြီးမို့ တိုင်းရင်းသားတွေအားလုံးက သည်းသည်းလှုပ် ချစ်ကြမှာဆိုပြီး တွေးထင်ရင်တော့ 100% မမှန်နိုင်ဘူးလို့ ပြောချင်ပါတယ်။ ဗိုလ်ချုပ်ကို မလိုမုန်းထားရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့နဲ့ အချို့တိုင်းရင်းသားတွေကို ကျွန်တော်လည်း မထောက်ခံပေမယ့် ရှိတော့ရှိနေကြတယ်ဆိုတာ လက်ခံရမှာပါ။

နောက်တစ်ချက်က ဖယ်ဒရယ်ကိစ္စပါ။ ကနေ့ဆွေးနွေးသွားချက်ထဲမှာ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုဆိုပြီး ကိုယ်စားလှယ်တော်တော်များများ ဆွေးနွေးသွားတာတွေ့ရပါတယ်။ ဖယ်ဒရယ်ကို နားလည်သူတွေအဖို့တော့ သိကြပြီးသားဖြစ်မှာပါ။ ဖယ်ဒရယ်မှာ ငွေကြေး၊နိုင်ငံတကာဆက်ဆံရေး၊နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေး အဲဒီအဓိက ၃ ချက်ကိုပဲ ဗဟိုအစိုးရက ယူရတာဖြစ်ပြီး ကျန်တဲ့အာဏာအားလုံးကို ပြည်နယ်အစိုးရတွေကို လွှဲပေးရပါတယ်။ ကြွင်းကျန်အာဏာကို ပြည်နယ်က ယူမလား၊ ဗဟိုက ယူမလားဆိုတာကတော့ ဖယ်ဒရယ်နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားချင်ပါတယ်ပြောပြီး ပြည်နယ်တစ်ခုရဲ့ တံတားနာမည်ကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးဖို့ အဆိုတင်သွင်းခြင်းဟာ ဖယ်ဒရယ်မဟုတ်တော့ပါဘူး။ ဒီကိစ္စဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်သာဖြစ်ပါတယ်။ ပြောတာနဲ့လုပ်လိုက်တာနဲ့က အတော်လေး လွဲချော်သွားပါပြီ။

တတိယအချက်က ဗိုလ်ချုပ်ကို ဂုဏ်ပြုခြင်းနဲ့ ဗိုလ်ချုပ်လိုပင်လုံစိတ်ဓာတ် ပြန့်ပွားလာအောင် လုပ်ဆောင်ရေးပါ။ ဟုတ်ပြီ။ တံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးလိုက်ရင် ဒီတံတားကို နေ့ဓဓူဝ ဖြတ်သန်းသွားတဲ့ ပြည်သူတွေထဲက ဗိုလ်ချုပ်ကို မသိသေးတဲ့ လူငယ်တွေက တံတားနာမည်မြင်တယ်။ ဗိုလ်ချုပ်က ဘယ်သူလဲဘာလဲ သိလိုတဲ့သူတွေက လေ့လာမယ်။ ဗိုလ်ချုပ်အကြောင်း သိသွားမယ်ဆိုပါစို့။ အဲဒီ ကိန်းဂဏန်း အရေအတွက် ဘယ်လောက်များများ ရှိမှာမို့လို့လဲ။ အဲဒီအစား ပြည်သူအများစု မျှော်လင့်နေတဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အပါအ၀င် ခေါင်းဆောင်တွေရဲ့ ပုံကို ပုံနှိပ်ဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတဲ့အဆိုတင်မယ်၊ အဲဒီအဆိုအောင်မယ်ဆိုရင် တစ်တိုင်းပြည်လုံးက လူတွေ၊ နောက်မွေးလာမယ့်ကလေးတွေကအစ ငွေစက္ကူဆိုတာ မဖြစ်မနေ ကိုင်တွယ်ကြလိမ့်မယ်၊ ငွေစက္ကူပေါ်မှာ ပါတဲ့လူတွေက ဘယ်သူတွေလဲဆိုတာ လေ့လာရင် သူတို့တွေရဲ့ သမိုင်းကြောင်းနဲ့ စိတ်ဓာတ်တွေ သိကုန်ကြမယ်။ အဲဒီ အရေအတွက်ဟာ သန်းနဲ့ချီတဲ့ အရေအတွက် ဖြစ်လာမှာပါ။ (ငွေစက္ကူ တွေကို ဗိုလ်ချုပ်ပုံထည့်သွင်းဖို့ NLD နိုင်ပြီး ဒုတိယအကြိမ်လွှတ်တော်မှာ မေးခွန်းမေးတဲ့အဆင့်ပဲ လုပ်ဆောင်ခဲ့ပါတယ်။ ၀န်ကြီးဌာနကဘက်က Denominations လုပ်ဖို့ဆိုရင်တောင် ဘီလျံနဲ့ချီ ကုန်မှာဆိုပြီး ဖြေလိုက်တော့ မေးတဲ့အမတ်ကလည်း ဟုတ်မှာပါဆိုပြီး ပြန်ငြိမ်သွားခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အမှန်က ပထမအကြိမ် လွှတ်တော်တုန်းက ဦးသိန်းညွှန့်တင်ခဲ့သလို ဆက်လက်ရိုက်နှိပ်မည့်ငွေစက္ကူ မှာ ပုံပြောင်းဖို့ အဆိုတင်သလိုများ တင်ခဲ့ရင်ဖြင့် နိုင်မယ့်အခြေအနေရှိပါတယ်)။

နောက်ဆုံးအနေနဲ့ အခုလို အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေချိန်မှာ၊ ပြည်နယ်တစ်ခုအနေနဲ့ သူ့ပြည်နယ်ထဲမှာ ရှိတဲ့တံတားကို သူတို့ပေးချင်တဲ့နာမည်လေး ပေးခွင့်ပြုဖို့ တောင်းဆိုနေချိန်မှာ လွှတ်တော်အထိတက် မဲခွဲဆုံးဖြတ်ပြီး ပြည်ထောင်စုအဆင့်အနေနဲ့ အနိုင်ကျင့်လိုက်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အတော်လေး အဟန့်အတား ဖြစ်သွားစေနိုင်ပါတယ်။ မွန်ပြည်နယ်မှာ လူဦးရေသောင်းချီတဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကနေ့ အမတ်တစ်ဦး ဆွေးနွေးသွားတဲ့အထဲမှာ ဗိုလ်ချုပ်နာမည်ပေးတာကို မွန်ပြည်နယ်မှာ နေထိုင်တဲ့ မွန်တိုင်းရင်းသား၊ အခြားဌာနေတိုင်းရင်းသားတွေကလည်း သဘောကျနှစ်ခြိုက်မှာပါဆိုတဲ့ Data မရှိဘဲ ခန့်မှန်းမှုကြောင့် အလွဲတွေတော့ ဖြစ်ကုန်ပြီလို့ မြင်မိပါတယ်။ မွန်ပြည်နယ်က ပြည်သူတွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ထောက်ခံပြီး ဘယ်လောက်ရာခိုင်နှုန်းက ကန့်ကွက်သလဲဆိုတာကို ထောက်ခံကြသူတွေရော၊ ကန့်ကွက်ကြသူတွေရောဘက်မှာ Data မရှိသေးတာကိုတော့ တွေ့မိပါတယ်။

အချုပ်ပြောလိုကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ဆောင်ရာမှာ တိုင်းရင်းသားတွေကမကြိုက်ပါဘူးလို့ပြောနေတာကို အတင်းအကျပ် လုပ်ဆောင်ခြင်းဟာ ညီညွတ်ရေးကို ထိခိုက်စေပါတယ်။ မကြိုက်တဲ့သူတွေက နိုင်ငံရေးပယောဂကြောင့်ဆိုပြီး ပြီးစလွယ်ကောက်ချက်ချတာမျိုး မဟုတ်ဘဲ တကယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေမျိုးကို ညီညွတ်ရေးကို ရှေးရှုပြီး နောက်များမှာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်ခင်ဗျာ။

ဇော်သူရိန်ထွန်း

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review